မိန်းမသားများနဲ့ အဖြူဋီကာ


အဖြူဆင်းတိုင်း စိုးရိမ်​စရာ မလို​ပေမယ့်  စိုးရိမ်​စရာမရှိလို့ ပစ်​ထားလိုလဲမရပြန်​ပါဘူး။ သာမန်အဖြူဆင်းတာလား၊ သာမန်မဟုတ်ပဲ အဖြူဆင်းတာလား ခွဲခြားသိဖို့လိုပါတယ်။ သာမန်​ မှာ ရာသီမေ​ပေါ်ခင်​​လေးဖြစ်​ဖြစ်​ ၊ ကိုယ်​၀န်​​ဆောင်​ တာပဲဖြစ်​ဖြစ်​ အဖြူဆင်းတတ်​ကြပါတယ်​။ ဒါဆို ဘယ်အခါမှာ သာမန်မဟုတ်တာကို သတိပြူသင့်ပါသလဲ? အဆင်းများတာ၊ ယားတာ၊ နာတာ၊ နဲ့ အနံ့နံတာတို့ဆို ဒီလိုဆင်းတာဟာ သာမန်မဟုတ်တော့ပါဘူး။

ကိုယ့်ကြောင့်လား၊ သူ့ကြောင့်လား?

တချို့မိန်းကလေးတွေက သူတို့ အဖြူဆင်းတာက သာမန်မဟုတ်ဘူးဆိုတာ သတိထားမိလာတဲ့အခါ ကိုယ့်ချစ်သူ လင်ယောက်ျားတွေကို မျက်ထောင့်နီကြီးတွေနဲ့ ကြည့်တတ်ကြပြန်ပါတယ်။ တကယ်တော့ မိမိကြောင့်လည်းဖြစ်နိုင်သလို၊ သူတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်သူ့ကြောင့်ဖြစ်တယ် ခွဲခြားလို့လည်းရပါတယ်နော်။ နောက်အပိုဒ်တွေမှာ ရေးသွားပေးမှာပါ။

သာမန်မဟုတ်ပဲ အဖြူဆင်းစေတဲ့အခြေအနေလေးတွေ

Bacterial Vaginosis

 ကိုယ် အိပ်ရေးပျက်လို့သော်လည်းကောင်း၊ အားနည်းလို့သော်လည်းကောင်း၊ အသန့်လွန်ပြီး ဆေးလွန်းလို့သော်လည်းကောင်း မိန်းမကိုယ်ထဲမှာဖြစ်တဲ့ pH မညီမမျှဖြစ်တဲ့အခါ lactobacillus လို့ခေါ်တဲ့ bacteria လေးတွေနည်းသွားပါတယ်။  lactobacillus လေးတွေ ရှိတဲ့အခါ ပုံမှန်အေးဆေးနေတဲ့ bacteria လေးတွေက ထိန်းကွပ်မယ့်သူလလည်းမရှိရော ပွါးလာပြီး ချိုကြွတာပေါ့နော်။ သူ့မှာ ပြတဲ့ လက္ခဏာက အဖြူမတရားဆင်းတာပါ။ ကြားဖူးမှာပေါ့၊ တချို့တွေ pad တောင်ခံရတယ်၊ ဘာညာ။ ဒါပေမယ့် ယားတာတို့၊ နာပြီး စပ်ဖြင်းဖြင်း ဖြစ်တာတို့ မရှိပါဘူး။ ဘာလုပ်ရမလဲ? ကောင်းကောင်းအနားယူ၊ ဒိန်ချဉ်လေး၊ အားဆေးလေး  သောက် ပျောက်။ ဒီလိုမှမပျောက်ပဲနေရင် metronidazole သောက်လို့ရပါတယ်။

Vaginal Candidiasis (yeast infection)

မိန်းမကိုယ်မှိုစွဲရောဂါလို့ခေါ်ကြပါတယ်။ လာပြတဲ့ အမျိုးသမီးတွေက အဖြူဆင်းတာထက် မနေနိုင်မထိုင်နိုင်အောင်ယားလာလို့ လာပြတတ်ကြပါတယ်။ အဖြူဆင်းတဲ့အခါ ဒိန်ခဲဖတ်လေးတွေလောက်ပါပဲ။ မှိုစွဲရောဂါဆိုတော့ ကိုယ်များ ညစ်ပတ်လို့လား အတွေးဝင်တတ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ မှိုဆိုတဲ့သဘာဝက ပိုနွေးစိုစွတ်တဲ့ နေရာကို ကြိုက်ပါတယ်။ မြန်မာပြည်မှာ မိုးလည်းရွာ၊ ရာသီဥတုလေးလည်းပူ၊ ချွေးလေးထွက်၊ ခေတ်နဲ့ညီအောင် skinny jeans လေးဝတ်ပြန်၊ ဗိုက်ချပ်အောင် နိုင်လွန်အောက်ခံလေးကဝတ်ဆိုတော့ အကြိုက်တွေ့ကြတာပါ။ မိန်းမကိုယ်ထဲထည့်တဲ့ clotrimazole tablet လေးတွေ ၆ ရက်စာထည့်ရင်ပျောက်ပါတယ်။ ပျောက်သော်ငြား နေထိုင်တာလေး မပြောင်းဘူးဆို ပြန်ဖြစ်နေဦးမှာပါ။ ဝတ်တဲ့ အခါ လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်မျိုး ရွေးဝတ်၊ ရေဆေးပြီးတဲ့အခါ ခြောက်အောင်သုတ်တာမျိုးလုပ်ပေးသင့်ပါတယ်။ အကယ်၍ တစ်နှစ်ထဲမှာ ခနခနဖြစ်လာပြီဆိုရင်တော့ ဆီးချိုရောဂါရှိမရှိ စစ်ဆေးသင့်ပါတယ်။

Trichomoniasis vaginalis

သူ့ဖြစ်ရင် ယားတာနဲ့ အဖြူဆင်းတာအပြင်၊ မိန်းမကိုယ်ဟာ (မကုတ်ပေမယ့်) နီ၊ ရောင်ပြီး စပ်နေတတ်ပါတယ်။  ခင်ပွန်းနဲ့အတူနေတဲ့အခါလည်း အဆင်မပြေတော့ပါဘူး။ အဖြူဆင်းတာက အရည်ကျဲကျဲနဲ့ အကြည်ရောင်၊ အစိမ်းဖန့်၊အဝါဖန့်ဖန့်ရှိတတ်ပါတယ်။ လက္ခဏာတွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တာမို့ မကြာခဏ လစ်လျူရှုထားတဲ့အခါ နှစ်နဲ့ချီဖြစ်လာတတ်ပါတယ်။ ဘယ်သူ့ကြောင့်ထင်ပါသလဲ? ချစ်ချစ်ကို ပြန်မေးကြည့်ပါ။ ကိုယ့်မှာ trichomoniasis ရှိနေရင်၊ မရှိတဲ့သူထက် HIV ကူးနိုင်ခြေပိုများပါတယ်။ ကုမယ်ဆို သောက်တာနဲ့ ပျောက်ပါတယ်။ ကိုယ်တင်မဟုတ်ပဲ ကိုယ့်ခင်ပွန်းပါတွဲ သောက်မှ အမြစ်ပြတ်မှာဖြစ်လို့ သေချာ ဆွေးနွေးကြည့်ဖို့လိုပါတယ်။ နို့မို့ဆို ကိုယ်က ပျောက်အောင်ကုလိုက်၊ သူ့ဆီက ပြန်ကူးလိုက်ဖြစ်နေမှာပါ။

Gonorrhea / Chlamydia

Gonorrhea (ဆီးပူညောင်းကျ) နဲ့ Chlamydia က ဖြစ်စေတဲ့ အကောင်ချင်း၊ ရောဂါသဘာဝချင်း မတူကြပေမယ့် ဖြစ်တဲ့ လက္ခဏာနဲ့ ပေးတဲ့ ဒုက္ခတွေက မိန်းမတွေမှာ အတူတူပါပဲ။ သူတို့လည်း ချစ်လှစွာသော ဆီက ကူးတာပါပဲ။ ဖြစ်တဲ့ မိန်းမသားတွေရဲ့ ၅၀%လောက်ကပဲ လက္ခဏာပြတာပါ။ တချို့တွေဆီမှာ ရောဂါလက္ခဏာမပြပေမယ့်လည်း နောက်ဆက်တွဲဆိုးကျိုးက အတူတူပါပဲ။ ကလေးမရနိုင်တာတို့၊ သားအိမ်အပြင် ကိုယ်ဝန်တည်တာတို့ (ပြွန်မှာ သန္ဒေတည်ပြီး ပေါက်ထွက်ရင် သေတတ်ပါတယ်)၊ ကာလတာရှည်ခါးကိုက်တာတို့ဖြစ်တတ်ပါတယ်။ အဖြူဆင်းတာနဲ့အတူတူ၊ ဆီးစပ်တွေ၊ ခါးတွေ အောင့်မယ်၊ အတူနေတဲ့အခါ နာကျင်မယ်၊ ဆီးအောင့်မယ်ဆို သူတို့ကို စဉ်းစားသင့်ပါတယ်။ အရှေ့ကပြောခဲ့သလိုပဲ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့် partner ရောကို ကုသပါမှ သံသရာကို အပြီးဖြတ်နိုင်မှာဖြစ်ပါတယ်။

 အဖြူဋီကာ လည်း တော်တော် ရှည်နေပြီမို့ ဒီလောက်နဲ့ အတောသတ်လို့ရပြီ ထင်ပါရဲ့နော်။ ဒါလေး ရေးရတဲ့ ရည်ရွယ်ချက်လေးက မစိုးရိမ်သင့်တာမစိုးရိမ်ဖို့ရယ်၊ ကိုယ်တိုင်လုပ်မိတဲ့ အမှားလေးတွေရှိရင် ပြုပြင်နိုင်ဖို့ရယ်၊ မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာတဲ့အခါကိုယ်ရော ကိုယ့်ချစ်ချစ်ရော တက်ညီလက်ညီရှိဖို့ရယ်ပါ။ အဖြူဆင်းတာနဲ့ ကြုံတဲ့အခါ ဒီဆောင်းပါးလေးက ပျိုမေတို့အတွက် အထောက်အကူပေးလိမ့်မယ်လို့ထင်ပါတယ်။

Comments

Popular posts from this blog

ကမ္ဘာစစ်များအကြောင်း

မြုံခြင်း (Infertility)

နည်းလမ်းလေးများ